သက်တန့်ရွာကလေးမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါ၏ ။
တို့ငယ်ငယ်တုန်းအရွယ်
Tue 07 Feb 2012 21:29:48 | 7 comments
ကျွန်မကို အင်္ဂလိပ်လို မတ်လ ၂၅၊
မြန်မာလိုတော့ နှောင်းတန်ခူး လပြည့်ကျော် ၆ရက်နေ့ (ထင်ပါရဲ့ ၆လား၊ ၈လား
မသေချာ) မှာ မွေးခဲ့တယ်။ ဗဟန်းသူ စစ်လိုက်သမှ မွေးတာကိုက တာဝါလိန်းလမ်းက
ဒေါ်ခင်ကြည်ဆေးရုံမှာ မွေးခဲ့တာ။ မနက်ကတည်းက ဗိုက်နာနေတဲ့ အမေဟာ
တော်တော်နဲ့ မမွေးနိုင်သေးဘဲ ဧည့်ချိန်လွန်လို့ ညနေ၆နာရီခွဲကျော်မှ
(ကျွန်မက အမေ့ဗိုက်ထဲက ထွက်တော့) မွေးတာမို့ အပျိုဗိုက်ဆိုတော့
ရှက်နေလို့နေမှာလို့ ပြောကြသတဲ့။
ကျွန်မက သူများတွေထက်စောပြီး
စကားစပြောသတဲ့။ ဗလုံးဗထွေးမဟုတ်ဘဲ ပီပီသသ၊ မြန်မြန်ဆန်ဆန် ပြောတတ်ခဲ့တယ်။
လမ်းလည်း အစောကြီး လျှောက်တတ်ခဲ့တယ်လို့ အမေ က ပြောလေ့ ရှိတယ်။နှစ်ထပ်
တိုက်ခံအိမ်ကလေးမှာရှိတဲ့ လှေကားထစ်တွေကို ယိုင်ထိုးယိုင်ထိုး နဲ့
ပြေးဆင်း ပြေးတက်တတ်တာမို့ အိမ်ကအဖွားခမျာ ကံကောင်းလို့ နှလုံးရောဂါ
မရတာတဲ့လေ။ ကျွန်မက ငယ်ကတည်းက လုံးလုံးကျစ်ကျစ်လေးပေမဲ့ ကျွန်မအောက်
တစ်နှစ်သာခြားတဲ့ ညီမလေးကျတော့ အိအိပုံ့ပုံ့ကြီးမို့ သူ့ကို အိပိုကြီးလို့
ငယ်နာမည်တွင်ပြီး ချစ်စနိုးခေါ်ကြတယ်။ သူက အနေလည်းအေးတယ်။ ကျွန်မလို
စကားမများဘူးတဲ့လေ။ ကြမ်းပြင်ပေါ်များချထားလိုက်ရင်
အရုပ်ကြီးပစ်ချထားသလိုပဲတဲ့။ ကျွန်မ မနာလိုလိုက်ပုံက ညီမလေးကျတော့
အိပိုလို့ ခေါ်တယ်၊ သယ်ရီးကိုကျတော့ရောလို့ မေးသတဲ့။ (ကျွန်မက
ကိုယ့်ကိုယ်ကို သမီး သမီးလို့ ပြောရာက အချွဲလွန်ပြီး သယ်ရီးလို့
ဖြစ်သွားတာလေ) ငါ့သမီးက အတတ်လွန်လွန်းလို့ လည်လွန်းလို့ ဘေးအိမ်က ဘဘကြီးက
မိန်းမလည် သိန်းကြွယ်လေးလို့ ခေါ်တယ်လေ။ ဒီတော့ ငါ့သမီးနာမည်က
သိန်းကြွယ်လေးလေ တဲ့ အမေက။ ကဗျာမဆန်လိုက်ပုံများ။
ကျွန်မ မူကြိုတက်တော့
အဒေါ်အပျိုကြီးပဲ ကြို ပို့ လုပ်ရတာ။ ညနေတိုင်း အပြန်လမ်းမှာ မူကြိုက
သင်လိုက်သမျှ အဒေါ်ကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ပြန်ရွတ်ပြရတာ။ အဒေါ်က
သဘောတွေကို ကျလို့ပေါ့။ ကျွန်မက ဉာဏ်ကောင်းတယ်။ ဉာဏ်ကောင်းသူတို့ ထုံးစံ
ပျင်းလည်း ပျင်းတယ်။ အဆော့မက်လွန်းလို့ တစ်ကိုယ်လုံးလည်း ဒဏ်ရာချည်းပါပဲ။
မှတ်မိသေးတယ်။ မူကြိုကျောင်းမှာ ဗိုလ်အုန်းသီးကားမောင်းတာ။ ကျွန်မက
ရှေ့ကမောင်း၊ တစ်ယောက်က နောက်ကနေ တွန်း။ နှေးလိုက်တာ၊ အမြန်တွန်းပေးစမ်းပါ
ဆိုတော့ နောက်က တစ်ယောက်က အားကုန်တွန်း၊ ကျွန်မကလည်း နင်းနဲ့
မူကြိုကျောင်းနံရံနဲ့ ဗိုလ်အုန်းသီးဝင်ဆောင့်လို့ ကျွန်မ ခြေသည်းခွံ
ကျွတ်ထွက်သွားမှပဲ တစ်စခန်းရပ် သွားတော့တယ်။ ကိုယ့်ဘာသာဖြစ်တာမို့ ကျွန်မက
မငိုဘူး၊ အံကြိတ်ခံခဲ့သတဲ့။ ဇ ကလေးနဲ့ပေါ့၊ မာလိုက်တဲ့ ခေါင်းဆိုတာ။
ငယ်ငယ်က ညီမလေးနဲ့ အတူနေရတာ
ခဏလေးပါပဲ။ နောက်တော့ အမေ့ဘက်က အဖွားက ညီမလေးကို လာခေါ်သွားတယ်။
ကျွန်မကတော့ အဖေဘက်က အဖိုးအဖွားတွေနဲ့ ကျန်ခဲ့ တာပေါ့။
ကျောင်းပိတ်ရက်တွေမှာ အမေတို့၊ ကျွန်မတို့နဲ့ တွေ့ဖို့ ညီမလေးကို အဖွားက
ပြန်လာပို့တယ်။ အဲဒီမှာ ကျွန်မရဲ့ ဉာဉ်ဆိုး ပေါ်တော့တာပဲ။ လူကြီးတွေက
တခါတလေမှ လာတဲ့ ညီမလေးကို ၀ိုင်းချစ်ကြ၊ အရေးပေးကြဆိုတော့ ကျွန်မက
ဗိုလ်ပြုတ်တဲ့ ဘ၀မှာ မဖြေသာဘူး ထင်ပါရဲ့။ လူကြီးတွေ လစ်ရင် လစ်သလို
အငယ်မကို တွန်းချ၊ ဆံပင်ဆွဲ လုပ်တော့တာပဲ။ အငယ်မက အေးရှာတယ်။
ပြန်မလုပ်ဘူး၊ ငယ်သေးလို့လည်း ပါ ပါလိမ့်မယ်။ နောက်တော့ လေးတန်းနှစ်မှာ
သူ့ကို ပြန်ခေါ်ထားတာ၊ ကျွန်မက ဒဂုံ ၂၊ သူ့ကို လသာ ၂ မှာ အဲလို
ကျောင်းခွဲထားကြတယ်။ ညီအစ်မ ၂ယောက် ညအတူ အိပ်ကြတဲ့အခါ
နှစ်ယောက်အိပ်ခြင်ထောင်ထဲမှာ ရန်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လည်း
စကားပြောနေကြရင်း အူမြူးစရာတွေ့ရင် တဟီးဟီး တဟားဟား တော်တော်နဲ့ မအိပ်ကြဘဲ
ရှိနေတတ်ကြပြန်တယ်။
နောက် မောင်လေးတစ်ယောက်
ထပ်မွေးတယ်။ နောက် ညီမလေး တစ်ယောက်၊ ဒီလိုနဲ့ ကျွန်မတို့မှာ မောင်နှမ ၆
ယောက် ရှိလာခဲ့တယ်။ ကျွန်မက သူတို့တွေရဲ့ ချေးနှီး သေးနှီးတွေ အမေ့ကို
ကူလျှော်ပေးဖူးတယ်။ လျှော်တုန်းကတော့ ချောလို့၊ ထမင်းစားချိန်ကျမှ လက်တွေက
စပ်တော့တာ။ အဲတော့မှ လက်တွေ ပွန်းကုန်မှန်း သိတယ်။ ကျွန်မလက်တွေက
အရည်ပါးလွန်းတာကိုး။ ဒါနဲ့ နောက်တော့ အမေက ပေးမလျှော်တော့ဘူး၊
လူငှားခေါ်လျှော်တယ်။ အဲဒီကတည်းက ကျွန်မကို ဘာမှ မခိုင်းတော့တာ။
လေးတန်းရောက်လို့ ညီမလေးက ထမင်းအိုးတည်တတ်နေချိန်မှာ ကျွန်မက ဘာမှ
မတတ်သေးဘူး။ အဖိုးကတော့ ကျွန်မကို အသည်းကျော်မို့ အရမ်း အလိုလိုက်တယ်။
ကျွန်မမျက်နှာ နဲနဲမှ အညိုမခံတာမို့ ကျွန်မ ဆိုးသမျှ အဖိုးကြောင့်လို့
အဖွားက ပြောလေ့ရှိတယ်။
ခုမှသာ အိပ်ရေးမက်နေတာ။ ကျွန်မတို့ မောင်နှမတွေ ငယ်တုန်းကဆို ဆောင်းတွင်းရောက်တိုင်း " စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက် ကြပါစို့"ဆိုတဲ့ လော်စပီကာကိုတောင် သနားသေးတယ်။ မနက် လေးနာရီလောက်ကတည်းက မောင်နှမတွေ တစ်ချွတ်ချွတ်နဲ့ ဝေါ့ကင်းရှူး ၀တ်သူဝတ်၊ ဘောင်းဘီရှည် လဲသူလဲ၊ လူကြီးတွေ နိုးလာရင် ဆူမှာစိုးလို့ အသံအုပ်အုပ်နဲ့ ပြောပြီး ကန်တော်ကြီး လမ်းပတ်လျှောက်ဖို့ ပြင်ကြတာ။ မနက်လင်းတော့မှ ကန်ဘေး၊ သိမ်ဖြူကွင်းဘေးက အကြော် တဲလေးမှာ အကြော်ဝယ်စားပြီး အိမ်ပြန်ကြတယ်။ အကြော်ကပူပူ လုစားကြရင်း ပါးစပ်ဟလိုက်တိုင်း ထွက်လာတဲ့ အာငွေ့ဖြူဖြူတွေနဲ့ တစ်ယောက်မျက်နှာကို တစ်ယောက် မှုတ်ထုတ်တတ်ကြသေးတယ်။ ဗိုလ်ချုပ်ကြေးရုပ်နားရောက်တိုင်းလည်း ဗိုလ်ချုပ်မျက်နှာကို အမြဲ မော့ကြည့် ခဲ့ကြတာ။
ကျွန်မတို့ ညီအစ်မ အကြောက်ဆုံးကတော့ အမေ ၀မ်းနှုတ်ဆေးတိုက်တဲ့ညပဲ။ ၀မ်းနှုတ်ဆေးတိုက်မဲ့ညဆို အမေက ဆေးလေးတွေကို လုံးထားတတ်တယ်။ အဲလိုညဆို မတိုင်ပင်ရပါဘဲ ညီအစ်မနှစ်ယောက် မသိချင်ယောင်ဆောင်ပြီး အိပ်ရာ အစောကြီး ၀င်ကြတယ်။ အမေက " ဟိုနှစ်ယောက် ခြင်ထောင်ထဲက ထွက်ခဲ့ကြ"ဆိုမှ လေးလေးကန်ကန် အိပ်ချင်မူးတူးကြီးထွက်လာရသလို ပုံမျိုးနဲ့ ခြင်ထောင်ထဲက ထွက်လာ ကြတယ်။ ညီအစ်မ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စပ်ဖြဲဖြဲကြည့်ရင်း ငါတို့ထက်လည်လို့ ငါတို့အမေဖြစ်တာဟဆိုတဲ့ မျက်နှာပေးတွေနဲ့ပေါ့။
အမေလုံးထားတဲ့
မဟာမြိုင်တေဆေးကြီးဆိုတာက အနံ့နဲ့တင် လူက ပျို့တက်ချင်နေပြီ။ အမေက ဟ
ဆိုတော့ ပါးစပ်ဟပေးပြီး မြိုချပြီးတာနဲ့ ရေတိုက်တာပဲ။ ဒါပေမဲ့
အဲဒီတေဆေးအလုံးက လည်ချောင်းထဲရောက်ပြီး ဝေါ့ကနဲ ပြန်ထွက်လာတော့တာ။
ဝင်သွားတုန်းက ဆေးလုံးဟာ ပြန်ထွက် လာတော့ အပြားလိုက်ကြီး။ အမေက ပြန်လုံး၊
ပြန်တိုက်နဲ့ ကုလားသိုက် ကျားဝင်ကိုက် ဆိုတာလို ပွက်လောရိုက်နေတော့တာ။
နောက်တော့ ၀မ်းနှုတ်ဆေးတိုက်ခါနီး အနားမှာ သကြားလုံးတို့၊ ထန်းလျက်ခဲတို့
တန်းစီချထားရတယ်။
နောက်တစ်ခု မှတ်မိတာက ကျွန်မတို့
တစ်အိမ်လုံး ဖျားနာရင် မြန်မာဆေးနဲ့ပဲ ကုကြတယ်။ ဆေးဆရာကြီး ဆရာညွန့်ဆိုတာ
ရှိတယ်။ ကျွန်မတို့က ဘဘညွန့်လို့ ခေါ်ကြတယ်။ ဖျားနာ၊ နှာစေး၊ အအေးမိ၊
ဘာဖြစ်ဖြစ် ဘဘညွန့်ကုပုံက ဆေးမှုန့်တွေကို ပိုက်သေးသေးလေးနဲ့ နှာခေါင်းထဲ
ဖူးကနဲ မှုတ်ထည့်လိုက်တာ။ ကျွန်မတို့က အသက်မရှုဘဲ အောင့်ထားရင် ဘဘညွန့်က
သိတယ်။ နင့်သမီးဟာ လူလည်မ ဆိုပြီး အသက်ရှူတဲ့ အချိန်ထိ စောင့်တယ်။
အသက်ရှူအသွင်း၊ သူက ပိုက်ကလေးကို ဖူးကနဲအမှုတ်။ ဘာပြောကောင်းမလဲ ဟိုး
ဦးနှောက်ထဲအထိ မွှန်တက်သွားတာများ ခံရခက်လိုက်တာ၊ ဘာနဲ့မှ မတူဘူး။
ကျွန်မကတော့ မွှန်တက်သွားတာနဲ့ ဘဘညွန့် ကိုယ်လုံး၀၀ကြီးကို အတင်း
ဖက်ထားတတ်ခဲ့တာ။ ပြီးတာနဲ့ နှာတွေချေ၊ မျက်ရည်တွေကျ၊ ချွေးတွေနဲ့ လူလည်း
နေကောင်းသွားတော့တာပဲ။
မှတ်မှတ်ရရ ကျွန်မတို့
ဘဲသူခိုးဖြစ်ခဲ့ရတဲ့ အကြောင်း ပြောပြဦးမယ်။ ငမိုးကြောင့်ပေါ့။ ကျွန်မ
တစ်ခါ ရေးဖူး ပါတယ်။ ကျွန်မမောင် ၀မ်းကွဲ ငမိုးအကြောင်း။ တစ်နေ့မှာ
ကျွန်မတို့ မောင်နှမတွေ ဆော့နေရင်း ဘဲတစ်ကောင်က မျက်စေ့လည်ပြီး
ခြံဝရှေ့တည့်တည့်ရောက်လာတယ်။ ဒါကို ငမိုးမြင်တော့ လက်ဆော့ပြီး အုတ်ခဲ နဲ့
ကောက်ထုလိုက်တာ ဘဲခမျာ ဇိကနဲ၊ ဒါပေမဲ့ သေတော့ မသေသေးဘူး။ ကျွန်မတို့မှာ
ကြောက်လွန်းလို့၊ ငမိုးက ဘဲကို လည်ပင်းက ဆွဲပြီး အိမ်သာထဲ
ပစ်ထည့်ထားလိုက်တာ။ ညနေကျတော့ ဘဲပိုင်ရှင်က လာမေးပါရော။ ငမိုးက
ခပ်တည်တည်ပဲ၊ မတွေ့မိပါဘူးဆိုတော့ ကျွန်မတို့မှာ လည်ပင်းတွေတောင် နင်လို့။
ကျွန်မတို့ ညီအစ်မတွေမှာ ဘဲသရဲကြောက်လို့ အိမ်သာတောင် တော်တော်လေးကြာမှ
တစ်ယောက်ထဲ ၀င်ရဲတယ်။ လူကြီးတွေ သိတော့ ငမိုးကို ဆူလိုက်တာမှ။ အဲဒီနေ့ညက
ကျွန်မတို့အိမ်မှာ ဘဲသားဟင်းစားကြရတယ်ဆိုတာတော့ ပြောဖို့လိုမယ်
မထင်တော့ပါဘူးနော်း)
ကျွန်မတို့ အိမ်နားမှာ အများပိုင်
ရေတွင်းလေး တစ်တွင်းရှိတယ်။ နွေဆို ရေက အေးပြီး ဆောင်း ဆို နွေးနေတာ။
တွင်းရေက ကြည်လင်နေပြီး သိတ်လည်း မနက်တဲ့အတွက် စက်သီးတပ်ဖို့ မလိုဘဲ
ကြိုးတပ်ရေပုံးနဲ့ပဲ ရေငင်ပြီး ချိုးကြတာ။ ကျွန်မအပျော်ဆုံးက မိုးတွင်းပဲ။
မိုးတွင်းရောက်ပြီဆို တွင်းရေက ခွက်နဲ့ ဒီအတိုင်း ခပ်ချိုးလို့ ရအောင်
တိမ်တယ်။ လမ်းထဲက အဖော်တွေ ချိန်းပြီး ရေချိုးကြ၊ စကားပြောကြတာ
သိတ်ပျော်စရာကောင်းခဲ့တာ။ တစ်နှစ်တစ်ခါ ရေတွင်းဆယ်ရင်လည်း ဟိုအိမ်ဒီအိမ်က
ကောက်ညှင်းပေါင်း၊ ဆီထမင်းနဲ့ တွင်းဆယ်လုပ်အားပေးတဲ့သူတွေကို ကျွေးကြတာ။
ဘာရမလဲ ကျွန်မတို့ ကလေးတွေက လူကြီးတွေ နောက်ကနေ ကြိုးကို
အတင်းလိုက်ဆွဲပြီး ရှုပ်ခဲ့ကြတာပေါ့။
အိမ်မှာ အုန်းပင်၊ သရက်ပင်၊
မာလကာသီးပင်၊ သကြားသြဇာသီးပင်တွေ ရှိတယ်။ အိမ်နောက်မှာ ငှက်ပျောပင်လည်း
ရှိတယ်။ သရက်သီးက မချစ်စုမျိုးမို့ အမှည့်ထိအောင် မခံဘဲ
ဝင်းရောင်လေးသမ်းတာနဲ့ ခွဲစားကြတာ။ အစိမ်းကို ဆား၊ ငံပြာရည်၊
ငြုတ်သီးမှုန့်တွေနဲ့ နယ်ပြီးစားကြတာ။ အဖွားက သေတ္တာထဲ မှာ ကောက်ရိုးခင်း၊
သရက်သီးတွေ စီပြီးထည့်၊ ပြီးမှ ထမင်းစားခါနီးတိုင်း ခွဲစားကြရတာ
မှတ်မိတယ်။ သိတ်မှည့်သွားတဲ့ သရက်သီးတွေကိုတော့ အဖွားက ပိတ်ပါးနဲ့
အနှစ်တိုက်ပြီး သရက်ပြဉ် လုပ်ကျွေးလေ့ရှိတယ်။ သရက်ပွင့်တွေ ဝေနေပြီဆို
ကျွန်မတို့တွေ အပင်ပေါ်တမော့မော့ ဖြစ်ကြပြီ။ အသီးသီးလို့ ခူးချိန်တန်ရင်
ခူးပြီး အိမ်နီးချင်းတွေ ဝေပေးတဲ့အပြင် အိမ်စားဖို့ အများကြီး ပိုသေးတာ။
ကျွန်မပြန်တုန်းကတော့ အဖွားက ပြောတယ်။ အသီးလျော့သွားပြီတဲ့။ ဒါပေါ့လေ
သူလည်းပဲ ဇရာချိန်ရောက် ပြီကိုး။
ဆော့တာကို ပြောရရင် အစုံပဲ။
ကုလားမစည်း နင်းမလား၊ ထုပ်စည်းတိုး မလား၊ ကြွေပန်း ကန် စေ့တွေ ထောင်ပြီး
ဂေါ်လီပစ်မလား၊ ကျင်းတူးပြီး ဂေါ်လီ ကျင်းစိမ်မလား။ သြဇာစေ့တောက်မလား၊
ကျောက်စလစ်ခဲ အရွယ်ညီ လုံးချောလေးတွေ ကောက်ပြီး ဇယ်ခုတ်မလား၊ ဖိနပ်တွေ
နှစ်ဘက်တန်းစီပြီး "ကလင်-ကလောင်-ကလက် ချဉ်ပေါင်ရွက်"ဆိုပြီး
အမျိုးမျိုးခုန်ဆော့မလား။ လူတွေ နှစ်ဖွဲ့ခွဲ၊ တစ်ဘက်စီမှာ
တန်းစီခြေဆင်းထိုင်ပြီး "လိပ်ဥပျောက်လို့ လိပ်မရှာ၊ သူ့ခမျာ ငိုမဲ့
ငိုမဲ့"လို့ ၀ိုင်းအော်ကြရတဲ့ လိပ်ဥဖွက်တမ်း ဆော့မလား။ " ရွှေစွန်ညို
ဘာကိုလိုလို့ ၀ဲပါတယ်၊ မထွေးလိုလို့ ၀ဲပါတယ်" ဆိုတဲ့ ရွှေစွန်ညို
ဆော့မလား။ သားရေပင်ကြိုး ခုန်မလား အို...တကယ်ကို စုံနေတာပဲ။ ဒါတောင်
ကျောင်းမှာ ဆော့ကြတာ မပါသေးဘူး။ ကျွန်မက အဖော်တွေ မလာသေးလည်း တစ်ယောက်ထဲ
ဒိုးနှစ်ပြားနဲ့ ကုလားမစည်း နင်းချင် နင်းနေတတ်တာ။ ဟိုဘက် ဒီဘက်
သစ်ပင်နှစ်ပင်မှာ သားရေပင်ကြိုးချည်ပြီး တစ်ယောက်ထဲ ဆော့ချင် ဆော့နေတတ်တာ။
အိမ်မှာနေရင်း ကာတွန်းဖတ်၊ ပုံဆွဲနေတဲ့ အခါလည်း ရှိတယ်။ မောင်နှမတွေ
စုံကြလို့ ကတမ်းခုန်တမ်းကစားတဲ့အခါ အမေ့ထမီယူဝတ်၊ အမေ့ပုဝါကို
ခေါင်းမှာချည်ပြီး ပိုတဲ့အစကို လိမ်ပြီး ဆံပင်လုပ်ချထားတတ်တာ။
"အားပေးကြပါဦးရှင် အကိုကြီးများရဲ့ မိမော်လွင်" ဆိုတဲ့ သီချင်း၊ "မောင်
အလုပ်သမားဆိုရင် မေကပင် စတင် ချစ် ချစ်ပါရစေ" ဆိုတဲ့ သီချင်းမျိုးတွေနဲ့
ဆိုခဲ့၊ ကခဲ့ကြတာ။
ခုခေတ်ကလေးတွေ ဒီသီချင်းတွေ
ဘယ်သိနိုင်တော့မှာလဲနော်။ အဲဒီလိုပဲ ကျွန်မတို့တုန်း ကလို
ပြေးလွှားခုန်ပေါက် ကစားကြရတာမျိုးတွေလည်း မရှိတော့သလောက်ပါပဲ။
လွမ်းမိပါရဲ့။ ဒါပေမဲ့ ခုနေခါ ကလေးဘ၀ပြန်လိုချင်သလားမေးရင် ကျွန်မကတော့
မလိုချင်ပေါင်။ ကလေးဘ၀မှာလည်း သူ့ ဖိစီးမှုနဲ့သူ ရှိခဲ့တာပဲ မဟုတ်လား။
စာတွေကျက်ရတဲ့အခါတိုင်း စာတွေ ကျက်မှတ်စရာ မလိုတဲ့ လူကြီးဘဝ
မြန်မြန်ရောက်ချင်ခဲ့တာ။ အရွယ်သုံးပါးဆိုတာကို ဘယ်သူမဆို တစ်ခါစီတော့
ဖြစ်ခွင့် ရခဲ့ကြတာပဲ မဟုတ်လား။ ကြီးပြင်းလာခဲ့ကြရတဲ့
ပတ်ဝန်းကျင်အနေအထားတွေ၊ မိသားစုဘ၀ပေးအခြေအနေတွေကြောင့် ကွဲပြားနေတဲ့
ကလေးဘ၀ဖြတ်သန်းမှုတွေ ရှိခဲ့ကြပေမဲ့ ငယ်ဘ၀ကိုတော့ဖြင့် ဘယ်သူကမှ
မေ့နိုင်ကောင်းမယ် မဟုတ်ပေဘူး။ ကျွန်မလည်း တစ်ခါတစ်လေ ငယ်ဘ၀ထဲကို
ခဏတစ်ဖြုတ်တော့ ထွက်ပြေးမိတတ်ပါရဲ့။

Comments
snow soe
3 months ago
Delete
ကုမ္ဘာဏ်နတ်ဘီလူး
3 months ago
Delete
ကောင်းမြတ်
3 months ago
Delete
Nya Lay
3 months ago
Delete
ဝေယံ
3 months ago
Delete
ဝေယံ
3 months ago
Delete
ချစ်ကြည်အေး
3 months ago
Delete
or